အိမ်တွင်းအကြမ်းဖက်မှု နှင့်ဆိုင်သောဥပဒေများအကြောင်း
အိမ်တွင်းအကြမ်းဖက်မှုဆိုတာ
အိမ်ထောင်မိသားစုထဲက တစ်ယောက်ယောက်ကို ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နာကြင်မှုများဖြစ် အောင်ကျုးလွန်သည့် အပြုအမှုကိုဆိုလိုသည်။
ဥပမာ - ရိုက်နှက်ခြင်း၊ ရိုင်းစိုင်းကြမ်းကြုတ်သော စကားများဖြင့် ဆူပူကြိမ်းမောင်းခြင်း၊ အလိုမတူပဲ လိင်ဆက်ဆံခြင်းတို့ပဲ ဖြစ်ပါတယ်။
မိသားစုဝင်ဆိုသည်မှာ -
- ခင်ပွန်း၊ ဇနီး
- တရားဝင်လက်ထပ်ထားခြင်းမရှိသော်လည်း၊ အတူတကွ ပေါင်းသင်းနေထိုင်သော ဇနီး၊ ခင်ပွန်း သို့မဟုတ် ချစ်သူ
- သား - သမီး ရင်းခြာ၊ မွေးစားသားသမီးများ
- အိမ်ထောင်အတွင်းရှိ အခြားမိသားစုဝင်များ တနည်းဆိုသော် တစ်မိုးအောက်တွင် အတူနေကြသူများ၊ ထိုအထဲတွင် မိမိတို့အိမ်တွင် အတူနေသည့် (အိမ်အကူ) လည်းပါဝင်သည်။
အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်သူများကို ချမှတ်ထားသော ပြစ်ဒဏ်
- ထောင်ဒဏ်အများဆုံး ၆ လ ။
- ဒဏ်ငွေ အများဆုံး ၆၀ဝ၀ ။
- ထောင်ဒဏ်နှင့် ဒဏ်ငွေ နှစ်မျိုးစလုံး ။
- သို့သော်လည်း အဆိုပါ အိမ်တွင်းအကြမ်းဖက်မှု တွင်ရာဇဝတ်မှု ဥပဒေရှိနေပါက၊ ပြစ်မှုအခြေအနေပေါ်တွင်မူတည်၍ပြစ်ဒဏ်ချခံရမည်ဖြစ်သည်။
အိမ်တွင်းအကြမ်းဖက်မှု ဥပဒေများ
ပုဒ်မ ၅
တစ်ဦးတစ်ယောက်က အကြမ်းဖက်ခံရနေသည်ကို မြင်တွေ့သောသူဖြစ်စေ၊အကြမ်းဖက် ခံနေရခြင်းကို သိရှိနေသောသူသည်တိုင်ကြားရန် တာဝန်ရှိသည်။ မိမိမြင်တွေ့ရသော၊ သိရှိရသော အကြောင်းအရာများကို သက်ဆိုင်ရာဌာနသို့ သတင်းပေးပို့ရမည်ဖြစ်သည်။ သတင်းပေးပို့ရာတွင် နှုတ်ဖြင့််လည်းကောင်း၊ စာဖြင့်လည်းကောင်း၊ အီးမေးလ် သို့မဟုတ် မိမိအဆင်ပြေသည့် နည်းလမ်းဖြင့်ဖုန်းနံပါတ် (၁၃၀ဝ) သို့မဟုတ်၊ မိမိနေထိုင်ရာ ခရိုင်လူမှုဖူလုံရေးနှင့် လုံခြုံရေးရုံး သို့မဟုတ် ရဲစခန်းသို့ သတင်းပေးပို့နိုင်သည်။
ပုဒ်မ ၆
အိမ်တွင်းအကြမ်းဖက်မှုနဲ့ဆိုင်တဲ့ သတင်းတွေကို ပေးပို့ပြီးနောက် ကူညီသူသည် အောက်ပါအတိုင်း တရားဝင်လုပ် ပိုင်ခွင့်ရှိသည်။
- ထိုအိမ် သို့မဟုတ် ထိုနေရာသို့ ဝင်ရောက်ခွင့်ရှိသည့်ပြင်၊ အကြမ်းဖက်သူ၊ အကြမ်းဖက်ခံရသူ နှင့် မျက်မြင်သက်သေတို့ကို မေးမြန်းခွင့်ရှိသည်။
- အကြမ်းဖက်ခံရသူကို ဆရာဝန်နှင့် ပြသရန်၊ လူမှုရေးလုပ်ငန်းဆောင်ရွက်နေသူများနှင့် တွေ့ဆုံဖို့ဆောင်ရွက်နိုင်သလို၊ လိုအပ်ပါက စိတ်ရောဂါဆရာဝန်များထံသို့ ပို့ဆောင်ပေးနိုင်သည်။
- အကြမ်းဖက်ခံရသူမှ အမှုလုပ်တိုင် ကြားလိုလျှင်လည်းအချက်အလက်များ မေးမြန်းပြီး၊ ပံ့ပိုးဆောင်ရွက်ပေးနိုင်သည်။
- အကြမ်းဖက်ခံရသူမှ တိုင်ကြားရန် အဆင်မပြေပါက၊ သူမ ကိုယ်စား အချက်အလက်များကို အမှုလုပ်ပြီး တိုင်တန်းပေးနိုင်ပါသည်။
အကြမ်းဖက်ခံရသူသည် ပြစ်မှုကျူးလွန်သူကို တရားစွဲရန် အမှုပြင်ဆင်ရန်အတွက် အချိန် ၃ လ ရှိသည်။ မိမိလုံခြုံရေးအတွက် အကာအကွယ်ရဖို့ လူမှုဖူလုံရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေအောက်တွင်ရှိသော လူငယ်နှင့် မိသားစု တရားရုံးနှင့်၊ မိသားစု ဆိုင်ရာနည်းလမ်း တရားရုံးတွင် တောင်းဆိုနိုင်သည်။
စုံစမ်းခြင်းကို တရားဝင် လျှင်မြန်စာ စုံစမ်းဆက်သွယ်ပြီး၊ တရားသူကြီးထံသို့ ၄၈ နာရီအတွင်း အစီရင်ခံစာပေးပို့ရမည်။ အစီရင်ခံစာအဆင်သင့်မဖြစ်သေးပါက ပြင်ဆင်ချိန်အတွက် ၆ ရက်ထပ်တိုးတောင်းခံနိုင်သည်။ သို့သော်လည်း ရက်တိုးတောင်းခံခြင်းအတွက် စုစုပေါင်း ၁၈ ရက် ထက်မကျော်လွန်ရပါ။
ပုဒ်မ ၈
အကြမ်းဖက်ခံရသူကို စုံစမ်းမေးမြန်းနေစဉ်အတွင်း စိတ်ပိုင်းဆိုင်ရာ ဆရာဝန်၊ စိတ်ရောဂါအထူးကု ဆရာဝန်၊ လူမှုရေးဆိုင်ရာ လုပ်ဆောင်နေသူများ နှင့် အကြမ်းဖက်ခံရသူအတွက်ကူညီပေးနေသော ကိုယ်စားလှယ်များသည် အမှုကိစ္စ အတွက်လိုအပ်လျှင် သက်ဆိုင်ရာအာဏာပိုင်မှ စုံစမ်းမေးမြန်းခြင်းများကို အကြမ်းဖက်ခံရသူ၏ ခွင့်ပြုချက်မရပဲ ထုတ်ဖော်ပြောကြားခွင့် မရှိသည့်အပြင် အစီရင်ခံစာ ထဲတွင်လည်း ထည့်သွင်းခွင့်မရှိသလို၊ သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြခြင်း၊ ဓါတ်ပုံနှင့် အကြောင်းအရာ သတင်းအချက် အလက်များကိုလည်း ထုတ်ဖော်ပြောကြားခွင့် မပြုရပါ။
ပုဒ်မ ၁၀
အမှုကိစ္စအတွက်ဆောင်ရွက်နေစဉ်အတွင်း အကြမ်းဖက် ခံရသူကို ကာကွယ်ဖို့ရန်အတွက် သက်ဆိုင်ရာမှ အောက်ပါတို့ကို ကူညီဆောင်ရွက်ပေးနိုင်သည်။
- ကျူးလွန်သူမှ ငွေကြေးထောက်ပံ့ပေးရန် ။
- ကျူးလွန်သူကို အိမ်ထဲသို့မဝင်စေရန် ဟန့်တားပေးခြင်း သို့မဟုတ် မိသားစုနှင့် နီးသောနေရာတွင် နေထိုင်ခွင့်မပြုရန်
- သက်ဆိုင်ရာမှ ကျူးလွန်သူအား သားသမီးများကို ပြုစုရန် နည်းလမ်းများ သတ်မှတ်ပေးခြင်း ။
- ကျူးလွန်သူကိုလည်း ကျန်းမာရေးစစ်ဆေးမှုခံယူ ရန်အကြံပေးခြင်း ။
- သက်ဆိုင်ရာမှ အကြမ်းဖက်ခံရသူကို ကူညီရန်အတွက်ဆုံးဖြတ်ချက်ချနိုင်သည်။ ယာယီ ပြင်ဆင်ဆောင်ရွက်မှုဟုလည်းခေါ်သည်။ သက်ဆိုင်ရာတရားရုံးသို့ ၄၈ နာရီအတွင်း တင်ပြနိုင်သည်။ တရားရုံးမှ ခွင့်ပြုပါက ရှေ့ဆက်လုပ်ဆောင်နိုင်သည်။ တရားရုံးမှ ခွင့်မပြုပါက သက်ဆိုင်ရာအမှုအတွက် ရပ်ဆိုင်းရမည်ဖြစ်သည်။ သို့မဟုတ် တရားရုံးမှ ကိုယ်ပိုင် ဆုံးဖြတ်ချက်များချနိုင်သည်။ အကြမ်းဖက်ခံရသူ သို့မဟုတ် ၄င်းနှင့် သက်ဆိုင်သူကလည်း အယူခံဝင်နိုင်ပါသည် ။
ပုဒ်မ ၁၂
တရားရုံး၏ရည်ရွယ်ချက်သည် အမှုကိစ္စများကို ငြိမ်းချမ်းစွာဖြင့် ကျေအေးစေပြီး၊ မိသားစုအတူပြန်လည်နေထိုင်ခြင်းဖြစ်သည်။ ထိုသို့ ကျေအေးခြင်းမရှိပါက တရားရုံးမှ ကျူးလွန်သူကို အောက်ပါ အတိုင်း အမိန့်စီရင်ချက်ပေးနိုင်ခွင့် အာဏာရှိသည်။
- ပြန်လည်ထူထောင်ရေးစခန်းသို့ သွားရန် ။
- ကုသမှုခံယူရန် ။
- ယခုအကြိမ်အတွက် အပြစ်ရှိသည်။ သို့သော် အပြစ်မချမှတ်သေးပေ။ သို့သော် နောက်ထပ်အပြစ်များကျူးလွန်ပါက အပြစ်ပေးခံရမည်ဖြစ်သည် ။
- ကျူးလွန်ခံရသူကို ငွေကြေးထောက်ပံ့မှုများပေးရန် ။
- လူမှုရေးလုပ်ငန်းများဆောင်ရွက်ရန် ။
- အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပေါ်စေနိုင်သော လုပ်ဆောင်မှုများကိုရပ်တန့်ရန် ။
- လွှတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ။
ပုဒ်မ ၁၆
တရားရုံးမှ အမှုကျေအေးရန်အတွက် ကြားဝင်ဖျန်ဖြေပေးသူ တစ်စုံတစ်ယောက်နှင့် ချိန်းဆိုပေးနိုင်သည်။ ကြားဝင်ဖျန်ဖြေပေးသူမှလည်း တရားရုံးသို့သဘောတူညီချက်များကို အစီရင်ခံစာ ပြန်တင်ပြရမည်။ တရားရုံးမှ ထို သဘောတူညီချက်သည် ဥပဒေ တစ်စုံတစ်ခု ချိုးဖောက်ခြင်းမရှိ၊ အနတရယ်မရှိ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှလည်း ထိုသူသည် အခြားပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိဟု အာမခံပေးနိုင်လျှင် နှစ်ဦးနှစ်ဖက်ဘောတူညီချက်အရ ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်သည်။ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည်လည်း၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ဆိုင်သောကိစ္စများ၊ ယာယီ ကြားဝင်ဖျန်ဖြေပေးသူတို့၏ ဖျန်ဖြေမှု အကြိမ်အရေအတွက် အချက်အလက်အသေးစိတ်များ၊ ကျေအေးခဲ့သော အကြိမ်အရေအတွက်များတို့ကို မှတ်တမ်း ကောက်ယူပြီး၊ အစီရင်ခံစာ အတွက်ပြင်ဆင်ထားရမည်။
အိမ်တွင်းအကြမ်းဖက်မှုကြုံရတဲ့ အမျိုးသမီးများအနေနဲ့ အခြားသူများကို ဖွင့်ပြောဖို့အတွက် ခက်ခဲတဲ့ကိစ္စဖြစ်သလို၊ တရားဥပဒေအရ ရင်ဆိုင်ဖို့လဲ ခက်ခဲပါတယ်။ ဒီလိုပဲ ရေငုံနှုတ်ပိတ်တိတ်ဆိတ်စွာနေခဲ့မယ်ဆိုရင် အမျိုးသမီးတွေ ခံနေရတဲ့ အကြမ်းဖက်မှုတွေဟာ ရပ်တန့်သွားမှာ မဟုတ်ပဲ၊ ဆက်ပြီး အကြမ်းဖက်ခံနေရပြီး၊ ဘဝတွေ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အိမ်တွင်းအကြမ်းဖက်မှု ခံရတယ်ဆိုရင် ဖွင့်ဟပြောပြရဲတဲ့ သတ္တိရှိဖို့လည်းလိုပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု နှင့်ဆိုင်သော ဥပဒေအကြောင်းအရာများနှင့် အကူအညီများ လိုအပ်ပါက မက်(ပ်) ဖောင်ဒေးရှင်းသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။